ဖခင်မွေးနေ့အတွက် ပြုလုပ်ပေးခဲ့တဲ့ မိသားစုအလှူလေးကို မျှဝေလာတဲ့ ငွေဇင်လှိုင်း

မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကာလမှာ ငွေကြေးတတ်နိုင်သူတွေက ချို့တဲ့သူတွေ၊ အကူအညီလိုအပ်နေသူတွေကို ကူညီရင်း အဆင်ပြေပြေနဲ့ဒီကာလကြီးကို ကျော်လွှားနိုင်အောင် ကြိုးစားနေတာကတော့ တကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။ ကုသရေးဆေးရုံတွေ၊ Lock Down Center တွေက လူနာတွေအတွက်လည်း ကိုယ်တတ်သလောက် အစားအသောက်တွေ စဉ်ဆက်မပြတ်လှူဒါန်းပေးနေကြတဲ့အလှူရှင်တွေလည်း အများအပြားပါပဲ။

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေ တက်လှမ်းလာတဲ့အဆိုတော်တစ်ယောက်ဖြစ်သူ တမူးသူလေး ငွေဇင်လှိုင်းကလည်း ဒီနေ့မှာ Lock Down ကျနေတဲ့ အိမ်ထောင်စု(၂၈၀) စာအတွက် အလှူပြုလုပ်ပေးခဲ့ကြောင်း မျှဝေလာပါတယ်။ ဖခင်ဖြစ်သူရဲ့(၇၁) နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ မိသားစုတစ်ခုစီအတွက် ဆန်(၄) ပြည်၊ ဆီတစ်ဘူး၊ ကြက်သွန်၊ ကြက်ဥ၊ ကော်ဖီ၊ မရွေး၊ ငါးသေတ္တာ၊ နို့ဆီနဲ့ Mask များကို မိသားစုအလှူလေးအနေနဲ့ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

ငွေဇင်လှိုင်းတို့မိသားစုကတော့ မကြာခဏဆိုသလို အလှူကြီးပြုလုပ်လေ့ရှိသူတွေဖြစ်သလို ဒီတစ်ခေါက်မှာလည်း ကိုဗစ်ကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ထောင်စုပေါင်းများစွာအတွက် အလှူပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ငွေဇင်လှိုင်းကတော့ အလှူလေးကို မျှဝေရင်း ကပ်ရောဂါကြီးအမြန်ဆုံး ပြီးဆုံးစေဖို့လည်း ဆုတောင်းခဲ့ပါသေးတယ်။ ခက်ခဲနေတဲ့အိမ်ထောင်စုတွေအတွက် အထောက်အကူဖြစ်စေခဲ့တဲ့ ငွေဇင်လှိုင်းတို့မိသားစုရဲ့အလှူလေးကို သာဓုခေါ်ရင်း ဖခင်ကြီးလည်း သက်ရှည်ကျန်းမာစွာနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Source – NgweZin Hline
Rainbow- Cele Gabar