ချင်းပြည်နယ်မှာ ပထမဆုံးဖွင့်လှစ်နိုင်ခဲ့တဲ့ ဆူရ်ဘုန်လေဆိပ်ကြောင့် အရမ်းဝမ်းသာနေတဲ့ သက်မွန်မြင့်

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို ချစ်သက်ဆိုပြီးတော့ ပရိသတ်တွေအချစ်ပိုနေရတဲ့ ချင်းတိုင်းရင်းသူလေးသက်မွန်မြင့်ကတော့ လတ်တလော ချင်းပြည်နယ်မှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ဆူရ်ဘုန်လေဆိပ်ကြောင့် အရမ်းဝမ်းသာလွန်းလို့ အပြေးသာပြန်လိုက်ချင်မိတယ်ဆိုပြီး မျှဝေလာပါတယ်။

ဆူရ်ဘုန်လေဆိပ်ကတော့ မြန်မာနိုင်ငံ ရှိတဲ့ လေဆိပ်များအနက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးလေဆိပ်ဖြစ်ပြီး တည်ဆောက်ရာမှာ အခက်ခဲဆုံး လေဆိပ်တစ်ခုဖြစ်ရုံသာမက ပြည်ပပညာရှင်မပါဘဲ နိုင်ငံသားပညာရှင်များဖြင့်သာ တည်ဆောက်ခဲ့တဲ့လေဆိပ်တစ်ခုအဖြစ် မြန်မာနိုင်ငံသားတိုင်း ဂုဏ်ယူရမယ့် လေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်အတွက် ပထမဆုံးသော လေကြောင်းဝင်ပေါက်ဖြစ်တဲ့ ဆူရ်ဘုန်လေဆိပ်ကတော့ ဖလမ်းမြို့၏ အနောက်မြောက်ဘက် (၈) မိုင် (၅) ဖာလုံ အကွာ၊ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၆၀၀၀) ရှိ ဆူရ်ဘုန်တောင်ကြောတွင် တည်ရှိပြီး ငွေကျပ် ၃၅ ဒသမ ၁၉၁ ဘီလီယံ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တောင်ထူထပ် ပေါများပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်အတွက် ဆူရ်ဘုန်လေဆိပ်ကို တည်ဆောက်လိုက်ခြင်းက ချင်းပြည်နယ်ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသွားစေရုံသာမက၊ နိုင်ငံခြားခရီးသားဧည့်သည်တွေ၊ ခရီးသွားလုပ်ငန်းတွေ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်တာကြောင့် ဒေသတွင်း ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး အစစအရာရာ အရင်ထက်ပိုပြီး ကောင်းမွန်လာစေတော့မှာ အမှန်ပါပဲ ပရိသတ်ကြီးရေ.. ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်ကတော့ အခုလို မိမိတို့ဒေသတိုးတက်ဖွံ့ဖြိုးတာကို မြင်တွေ့ရတာ ကြည်နူးဝမ်းသာမိတာကြောင့် အားလုံးကိုကျေးဇူးတင်စကားဆိုရင်း အပြေးသာပြန်လိုက်ချင်ကြောင်း မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


Source – Thet Mon Myint, Myanmar President Office
Rainbow- Cele Gabar