ဝင်ငွေရလမ်းတစ်ခုအနေနဲ့ ကလေးတွေကို မြန်မာအက သင်ပေးဖို့ ကြိုးစားနေတဲ့ ခြူးစစ်ဟန်

ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တတ်မြောက်ထားသူတစ်ယောက်ပါ။

လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မြန်မာအိုင်ဒေါအဆိုတော်တစ်ယောက်အနေနဲ့ အခွင့်အလမ်းတချို့ဆုံးရှုံးခဲ့ရတဲ့ ခြူးစစ်ဟန်ကတော့ သမာအာဇီဝကျကျရမယ့် ဝင်ငွေရလမ်းအချို့ကိုလည်း စဉ်းစားနေသူတစ်ယောက်ပါ။ အနုပညာကလွဲပြီး ဘာမှမလုပ်တတ်တဲ့ခြူးစစ်ဟန်ကတော့ မကြာသေးခင်ကမှ သူ့ရဲ့ကားနဲ့ ကြို၊ ပို့လုပ်ငန်းလေးကို လုပ်ကိုင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ပါဘူးတဲ့..

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာတော့ အနုပညာအလုပ်နဲ့ပဲ အသက်မွေးလို့ရမယ့်နည်းလမ်းတစ်ခုအနေနဲ့ အနုပညာဝါသနာပါသူကလေးတွေအတွက် မြန်မာရိုးရာအက၊ Cat Walk လျှောက်နည်း၊ အဆိုပညာ၊ သရုပ်ဆောင်ပညာ စတာတွေကို သင်တန်းလေးဖွင့်ပြီး တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသင်ပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ.. လာမသင်နိုင်တဲ့ကလေးတွေအတွက်လည်း အိမ်တိုင်ရာရောက် သင်ကြားပေးမယ့် အစီအစဉ်လေးလည်း ပြုလုပ်သွားမယ့်အကြောင်း မျှဝေခဲ့ပါတယ်။ ဖြတ်လမ်းနည်းမလိုက်ဘဲ သမာအာဇီဝကျကျ ပိုက်ဆံရှာဖို့ကြိုးစားနေတဲ့ ခြူးစစ်ကိုတော့ လေးစားပြီးရင်း လေးစားနေပါပြီနော်။


Source – Chuu Sitt Han
Rainbow- Cele Gabar