ဆေးရုံတက်နေရတဲ့သမီးလေးရဲ့ အခြေအနေကို မျှဝေလာတဲ့ ခိုင်နှင်းဝေ

လွန်ခဲ့တဲ့ရက်ပိုင်းက ပရဟိတမင်းသမီးခိုင်နှင်းဝေမွေးစားခဲ့တဲ့ HIV ပိုးကူးစက်ခံနေရတဲ့သမီးလေးရဲ့အကြောင်းကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါနော်။ ကလေးလေးကို အဘွားဆီက ယူလာပြီး ရက်ပိုင်းအတွင်းမှာပဲ အသက်ရှုမဝကာ အသားများပြာလာတာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတာဖြစ်ပြီး ဒီနေ့မှာတော့ သမီးလေးရဲ့အခြေအနေကို မျှဝေခဲ့ပါတယ်။

” ဒီနေ့ သမီးလေးရဲ့ Covid-19 အဖြေ ကတော့ Negativeပါရှင်..အထူးစောင့်ကြည့်အခန်းမှ အပြင်သို့ရွှေ့ပြောင်းခဲ့ရပြီး..အဆုတ် တစ်ခြမ်း ပျက်စီးထားပါသောကြောင့် အောက်ဆီဂျင် မပြတ် ပေးထားရပါ တယ်…. နို့ ဗူးတိုက်လို့ မရသေးဘဲ ဆေးရုံမှ ပေးတဲ့ နို့ ကိုသာ အစာပိုက်နဲ့ ထည့်ပြီး တိုက်ရပါတယ်. ဆေးရုံမှာ ရက်ရှည်တက်ရဦးမှာ ဖြစ်ပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ ထပ် စောင့်ကြည့်ရပါမယ်ရှင်” ဆိုပြီး သမီးလေးရဲ့အခြေအနေကို ရေးသားမျှဝေခဲ့ပါတယ်။

ဒါ့အပြင် သမီးလေး ဆေးရုံတက်ဖို့နဲ့ ဆေးရရှိရေးအတွက် အစစ အရာရာ ကူညီဆောင်ရွက်ပေးပါသော “ဆည်းဆာ ရောင်ခြည်” HIV ကာကွယ်စောင့်ရှောက်ရေး လူမှု ကူညီမှု အသင်းကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပြီး သမီးလေးဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ ပရိသတ်ကြီးရဲ့မေတ္တာနဲ့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ HIV ရောဂါပိုးရှိတဲ့မိဘနှစ်ပါးဆီကနေ ခက်ခက်ခဲခဲလူ့လောကထဲ ရောက်လာခဲ့တဲ့ သမီးလေး မြန်မြန်သက်သာလာဖို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဆုတောင်းပေးခဲ့ကြပါဦးနော်။


Source – Khine Hnin Wai
Rainbow- Cele Gabar