ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကောင်လေးတစ်ကောင်ကို မွေးစားလိုက်တဲ့ ပိုင်တံခွန်

ကိုဗစ်ကာလစတင်ကတည်းက ပိတ်ထားခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးမှာ လတ်တလော တိရစ္ဆာန်မွေးစားနိုင်တဲ့ အစီအစဉ်လေးတစ်ခုရှိတာ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ တိရစ္ဆာန်ယာယီမွေးစားခွင့်ကိုတော့ နိုင်ငံတော်တော်များများရဲ့ တိရစ္ဆာန်ဥယျာဉ်တွေမှာ လုပ်လေ့ရှိပြီး မြန်မာနိုင်ငံမှာတော့ အခုလိုကိုဗစ်ကာလမှ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။

တိချစ်သူတွေအနေနဲ့ ကျား၊ခြင်္သေ့၊ဆင်၊ ဝက်ဝံ၊ ဆင်၊ ပန်ဒါနီလေးတွေကို သုံးလ(သို့) ခြောက်လ မွေးစားခွင့်ရှိပြီး တိရစ္ဆာန်လေးတွေအတွက် အစာအာဟာရကျွေးမွေးထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ ပါဝင်မှာပါ။ ကိုယ်မွေးစားလိုက်တဲ့ တိရစ္ဆာန်လေးကိုလည်း အကြိမ်(၃၀) လာရောက်တွေ့ဆုံခွင့်ရမှာဖြစ်ပြီး တိရစ္ဆာန်လေးရဲ့ဝင်းရှေ့မှာလည်း ကိုယ့်ရဲ့နာမည်လေးကို ကမ္ဗည်းထိုးပေးထားဦးမှာပါ။

ဒီအစီအစဉ်လေးမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပထမဆုံးပါဝင်လာခဲ့သူကတော့ မင်းသားချောပိုင်တံခွန်ပါ။ တိရစ္ဆာန်လေးတွေကို ချစ်တတ်သူပိုင်တံခွန်ကတော့ ပြည်သူလူထုရဲ့အချစ်တော်ဆင်မကြီး မိုမိုကို သုံးလမွေးစားခဲ့ကြောင်း ဗွီဒီယိုလေးနဲ့ မျှဝေလာပါတယ်။ မနက်ဖြန်စက်တင်ဘာလ(၁၇) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ မွေးနေ့မတိုင်ခင် အကြိုအလှူအနေနဲ့ ဆင်မကြီးမိုမို အတွက် သုံးလစာ အစစအရာရာ တာဝန်ယူပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ အလှူလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Paing Takhon, Yangon Zoo
Rainbow- Cele Gabar