ဒီနေ့မှာ အသက်(၂၄) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော်ပိုင်တံခွန်

ပရိသတ်ကြီးရေ… ဒီနေ့ စက်တင်ဘာလ(၁၇) ရက်နေ့လေးကတော့ မင်းသားချောပိုင်တံခွန်ရဲ့ အသက်(၂၄) နှစ်ပြည့်မွေးနေ့လေးပါ။ ပိုင်တံခွန်ကိုတော့ ကော့သောင်းမြို့၊ တနင်္သာရီတိုင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်း(၆) ယောက်ထဲမှာ လေးယောက်မြောက်သားလေးပါ။ (၂၀၁၄) မှာတော့ ဝါသနာပါရာအနုပညာအလုပ်တွေလုပ်ကိုင်ဖို့ ရန်ကုန်ကို ပြောင်းရွေ့လာခဲ့ပြီး ဆရာဂျွန်လွင်ဆီမှာ မော်ဒယ်လ်သင်တန်းတက်တာ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ မြင့်မားတဲ့အရပ်၊ မြန်မာအမျိုးသားတွေကြားထဲမှာ တစ်မူထူးခြားတဲ့မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် အချိန်ခဏအတွင်းမှာ ပရိသတ်သတိထားမိခြင်းခံခဲ့ရပြီး ဖက်ရှင်မော်ဒယ်အနေနဲ့သာမက တီဗွီကြော်ငြာ၊ သီချင်းဗွီဒီယိုတွေပါ ဆက်တိုက်ရိုက်ကူးလာခဲ့ရပါတယ်။ သီချင်းဆိုတာလည်း ဝါသနာပါတဲ့ပိုင်တံခွန်ကတော့ (၂၀၁၇) မှာ ချစ်သူ ဆိုတဲ့ အယ်လ်ဘမ်ကို ထွက်ရှိထားပြီး သီချင်းခွေကရရှိလာတဲ့ပိုက်ဆံတွေကို ပရဟိတအလှူတစ်ခုမှာ အသုံးပြုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံတွေကပါ ပရိသတ်တွေရလာတဲ့အထိ ပိုင်တံခွန်ရဲ့အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိ ဖြစ်လာခဲ့တာတော့ ပရိသတ်ကြီးလည်း မျက်မြင်ပါပဲနော်။ မကြာသေးခင်ကမှ ထိုင်းက အမာခံပရိသတ်တွေက ပိုင်တံခွန်မွေးနေ့အတွက် စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြပါသေးတယ်။ အချိန်ခဏအတွင်းမှာ အောင်မြင်တဲ့ကြယ်ပွင့်တစ်ပွင့်အဖြစ် ရပ်တည်လာနိုင်ခဲ့တဲ့ ပိုင်တံခွန် မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံတွေမှာပါ ဒီထက်မက အောင်မြင်ပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Source – Paing Takhon’ Wiki
Rainbow- Cele Gabar