တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ထောပတ်ထမင်းပွဲ(၂၀၀) သွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းရောင်းချပြီး အဆင်ပြေလာခဲ့သူ ညီနန္ဒကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်းလှူဒါန်းပေးဖို့အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။ သူကိုယ်တိုင် (၂၅) ပွဲ မတည်လှူဒါန်းခဲ့ပြီး အလှူရှင်တွေကိုပါ ဖိတ်ခေါ်ခဲ့ရာမှာတော့ မထင်မှတ်ထားလောက်အောင် လှူဒါန်းသူအများအပြားရှိခဲ့ပါတယ်။

မနေ့က ညနေအထိ ထောပတ်ထမင်းပွဲရေ (၁၈၅၁) ပွဲလှူဒါန်းဖို့ လက်ခံရရှိထားပြီး ပထမဆုံးအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ် (၃၅) ရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကြက်ခြေနီရုံးမှာ ပွဲ(၁၀၀) လှူဒါန်းပေးခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ပရဟိတသမားတွေ ပွဲ(၁၂၀) လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ..

ဒီနေ့မှာတော့ ကိုဗစ်လူနာတွေကို အထူးကြပ်မတ်ကုသပေးနေတဲ့ တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ပွဲ(၂၀၀) နဲ့ ရှမ်းရိုးရာ ချဉ်စော်ခါးသီးဖျော်ရည် ဘူး(၁၀၀) လှူဒါန်းပေးခဲ့ပါတယ်။ မနက်ဖြန်မှာလည်း ဝေဘာဂီအထူးကုဆေးရုံကြီးအတွက် ပွဲ(၂၀၀) လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အခုလို ကိုယ့်စီးပွားရေးလည်း လုပ်ရင်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်နေကြတဲ့ ပရဟိတသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လှူဒါန်းပေးနိုင်ဖို့လည်း ကြိုးစားနေတဲ့ ညီနန္ဒရဲ့မွန်မြတ်တဲ့ကုသိုလ်အလှူလေးကိုဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nyi Nanda
Rainbow- Cele Gabar