ဆုံးပါးသွားတဲ့ဘကြီးဆီက တန်ဖိုးကြီးမားတဲ့အမွေ ရခဲ့တဲ့ ဂျွန်လွင်

မော်ဒယ်လ်လောကရဲ့ဖခင်ကြီးလို့ အများက တင်စားခေါ်ဝေါ်ကြရတဲ့ ဂျွန်လွင်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆုံးပါးသွားတဲ့ဘကြီးဆီက အဖိုးမဖြတ်နိုင်တဲ့အမွေတစ်ခု လက်ဆောင်ရခဲ့ကြောင်း မျှဝေလာပါတယ်။ ဘကြီးကတော့ ဂျွန်လွင်အဖေရဲ့ အစ်ကိုဖြစ်ပြီး အသက်(၉၀) မှာပဲ ဆုံးပါးသွားခဲ့တာပါ။ ဂျွန်လွင်ကိုယ်တိုင် ဘကြီးရဲ့နာရေးကို ဦးဆောင်လိုက်ပို့ခဲ့ပြီး နာရေးကူညီမှုအသင်းကိုလည်း အလှူငွေသုံးသိန်းလှူဒါန်းပေးခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ဘကြီးဆီက အဖိုးမဖြတ်နိုင်တဲ့အမွေအဖြစ် သတင်းစာဖြတ်ပိုင်းလေးတွေကို ဘကြီးရဲ့သမီးဆီက တောင်းခဲ့ကြောင်း မျှဝေခဲ့တာပါ။ မြန်မာ့အလင်းသတင်းစာမှာပါတဲ့ ဂျွန်လွင်ရဲ့အကြောင်းကို ဘကြီးက တန်ဖိုးရှိတဲ့အရာအနေနဲ့ ကတ်ကြေးနဲ့ညှပ်ကာ စနစ်တကျသိမ်းထားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့လက ဘကြီးဆီအလည်သွားတုန်း သူ့ကိုပြခဲ့တာမို့ သူကိုယ်တိုင်လည်း အရမ်းအံ့သြခဲ့ရပါတယ်တဲ့။

အခုသူမရှိတဲ့နောက် ဘကြီးရဲ့သမီးဆီကအမွေအဖြစ် တောင်းခဲ့ပြီး ဒီစာရွက်ပိုင်းလေးတွေကတော့ သူ့အတွက် တန်ဖိုးဘယ်လိုမှဖြတ်လို့မရသလို စိန်ရွှေရတနာတွေထက် ပိုပြီးတော့ တန်ဖိုးထားကြောင်းနဲ့ သူ့ကို အရမ်းချစ်ပေးတဲ့ဘကြီးလည်း ကောင်းရာသုဂတိရောက်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ဂျွန်လွင်ကတော့ တန်ဖိုးဖြတ်လို့ရတဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေထက် ချစ်ခြင်းမေတ္တာအပြည့်ပါတဲ့ သတင်းစာပိုင်းလေးကို ဆုံးပါးသွားတဲ့ဘကြီးဆီက အမွေရရှိခဲ့ကြောင်း ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။


Source – John Lwin
Rainbow- Cele Gabar