ရုပ်ဆိုးတဲ့ပုံတွေတင်ဖို့ ပရိသတ်ကြီးကို ချဲလင့်ခေါ်လိုက်တဲ့ စိုင်းစိုင်းခမ်းလိုင်

ယောကျာ်းလေးတိုင်း၊ မိန်းကလေးတိုင်းကတော့ လူမှုကွန်ရက်ပေါ်မှာ ကိုယ်လှနေတဲ့ ပုံလေးတွေကိုပဲ တင်ချင်ကြမှာပါနော်။ လူတချို့ဆို ပင်ကိုယ်ရုပ်အမှန်အတိုင်းရိုက်ထားတဲ့ဓာတ်ပုံတွေတောင် မတင်ကြဘဲ အမျိုးမျိုးပြုပြင်ပြီးမှ လှလာတဲ့ပုံမျိုးကိုရွေးချယ်တင်တတ်ကြပါတယ်။ သာမန်လူတွေအဖို့ ကိုယ့်ပုံကို စိတ်ကြိုက်ဖန်တီးပြီးမှ လူမှုကွန်ရက်ပေါ်ကို တင်လို့ရပေမယ့် အနုပညာရှင်တွေကတော့ ကိုယ်တိုင်ရိုက်ပုံတွေအပြင်၊ မီဒီယာတွေ ပရိသတ်တွေရိုက်ထားတဲ့ အမှတ်တရပုံတွေမှာ အခန့်မသင့်လို့ ရုပ်ဆိုးတာမျိုးတွေကြုံရလေ့ရှိပြီး ဒီပုံတွေနဲ့ ပြန်အစ ခံရလေ့ရှိပါတယ်။

လတ်တလောမှာတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်ရဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က ပုံရိပ်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတာတော့ ပရိသတ်ကြီးလည်း သိမှာပါနော်။ စိုင်းစိုင်းကတော့ ဒီပုံလေးနဲ့ပတ်သက်ပြီး ” ဒါ (၂၀၀၆/၀၇) လောက်ကပါ… အဖေဆုံးကာစ ဂျုံးဂျုံးကျနေတယ်ထင်တာပဲ… ရုပ်ဆိုးတာဗျာ” ဆိုပြီး ဒီပုံလေးရဲ့ နောက်ကွယ်က အကြောင်းအရာလေးကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် တလက်စတည်း ရုပ်ဆိုးပုံတွေနဲ့ Challenge လုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ” နေ့တိုင်းလှတဲ့ပုံတွေပဲ တင်နေကြတာ ရုပ်ဆိုးပုံတင်ကြေး ဘယ်လိုလဲ” ဆိုတဲ့စာသားလေးနဲ့အတူ G-Fatt ၊ ဘန်နီဖြိုး၊ ဖြိုးလေးနဲ့ နေဝင်းတို့ကိုပါ Challenge ခေါ်ခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော ကိုယ့်ဆီမှာရှိတဲ့ပုံတွေထဲက ရုပ်အဆိုးဆုံးပုံကို တင်ပြီး စိုင်းစိုင်း Challenge ကို လက်ခံရဲတဲ့သူတွေရှိလား။


Source – Sai Sai Kham Leng
Rainbow- Cele Gabar