မိတ်ကပ်ဆူးရဲ့ ပရဟိတအလှူလေးမှာ တစ်တပ်တစ်အားပါဝင်အားဖြည့်ခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

အလှူအတန်းနဲ့ပတ်သက်ပြီး ဘယ်တော့မှ လက်မနှေးတတ်တဲ့ပရိသတ်အချစ်တော် ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီတစ်ခေါက်မှာလည်း မိတ်ကပ်ဆူးရဲ့အလှူလေးမှာ ပါဝင်အားဖြည့်ခဲ့ကြောင်း မျှဝေလာပါတယ်။ မိတ်ကပ်ဆူးကတော့ အခုလိုကိုဗစ်ကာလ အလုပ်အကိုင်ပွဲလမ်းသဘင်တွေအကုန် ရပ်နားထားရတဲ့အချိန်မှာ ခက်ခဲနေကြမယ့် အငယ်တန်းမိန်းမလျာလေးများအတွက် အလှူတစ်ခုလုပ်ပေးနိုင်ဖို့ စီစဉ်နေသူပါ။

မန္တလေးနဲ့ မေမြို့အနီးအနားမှာရှိတဲ့ ခက်ခဲနေတဲ့မိန်းမလျာအငယ်လေးများအတွက် အကျီၤတချို့လှူဒါန်းပေးဖို့ စီစဉ်ခဲ့ပေမယ့် အခုလိုကာလမှာ ပိုက်ဆံက အဓိကဖြစ်တာကြောင့် ပေးမယ့်အင်္ကျီတွေအပြင် အခြားကုန်ပစ္စည်းများကို လူမှုကွန်ရက်ပေါ်မှာ Live လွှင့်ရောင်းချပြီး ရရှိလာတဲ့ပိုက်ဆံတွေကို ပြန်လည်လှူဒါန်းပေးသွားမှာပါ။ အခုလို မိတ်ကပ်ဆူးရဲ့ ဘဝတူမိန်းမလျာတွေအပေါ်စာနထောက်ထားပြီး ရည်ရွယ်ထားတဲ့အလှူလေးမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက ပါဝင်အားဖြည့်ခဲ့ပါတယ်။

ဝမ်းဆက်တစ်စုံကို (၅၀၀၀၀) တန်ကြေးရှိတဲ့ ရွှေမျိုး Collection ရဲ့ အသစ်စက်စက်ဝတ်စုံ(၅)စုံ အပြင် ဆန်(၅) ပြည်အိတ် (၂၀) အိတ် တိတိ ပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီလိုရောဂါဆိုးများနဲ့ကြုံတွေ့နေရတဲ့ ကိုဗစ်ကာလမှာ ဝင်ငွေအခက်အခဲရှိကြတဲ့ လုပ်ငန်းတူ ဆက်စပ်သူ အလှဖန်တီးရှင်များကို လှူဒါန်းမယ့်အစီအစဉ်လေးမို့ တတ်နိုင်တာလေးနဲ့ ပါဝင်အားဖြည့်ခဲ့တာဖြစ်ကြောင်း သူ့ရဲ့အလှူလေးကို ဖော်ပြခဲ့ပါတယ်။


Source – Myo Minn Soe
Rainbow- Cele Gabar