Covid-19 အတွက်လိုအပ်တဲ့နေရာတွေမှာလှူဒါန်းဖို့ ရန်ပုံငွေပွဲကြီး ကပြဖျော်ဖြေတော့မယ့် ဖိုးချစ် ဇာတ်သဘင်

မြန်မာ့ဇာတ်သဘင်လောကရဲ့ ဥက္ကဌတစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်သဘင်အဖွဲ့သားတွေရဲ့အကျိုးကိုပဲ ရှေးရှုပြီး ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင် ဆိုတဲ့ page ကနေတဆင့် အနုပညာလှုပ်ရှားမှုတိုင်းကို မျှဝေပေးနေခဲ့တာပါ ။ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ လှူဒါန်းနိုင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့သဘင်ပညာနဲ့ ရန်ပုံငွေဖျော်ဖြေပွဲကြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုလို ကိုဗစ်ကာလကြီးမှာ အိမ်ထဲမှာပဲနေပြီး ပူပင်သောကတွေကိုပြေငြိမ်းနိုင်စေဖို့ ချစ်ပရိတ်သတ်ကြီးအတွက် ဖိုးချစ်က သတင်းကောင်းလေးတစ်ခုပါးလာခဲ့ပါတယ် ။ ဒါကတော့ လာမဲ့အောက်တိုဘာ(၂၃)ရက်နေ့ ည(၇)နာရီအချိန်မှာ ဖိုးချစ်ရဲ့ဇာတ်အလှသဘင်ဟာ ဆိုရင် ကိုဗစ်အတွက်လိုအပ်နေတဲ့နေရာများမှာ လှူဒါန်းနိုင်ရန် ရည်ရွယ်ပြီး ရန်ပုံငွေပွဲကြီးတစ်ခု ကပြဖျော်ဖြေတင်ဆက်ဖို့ရှိတဲ့အကြောင်းပဲဖြစ်ပါတယ် ။ ဒီရန်ပုံငွေပွဲကြီးကို Channel Kရုပ်သံလိုင်းနဲ့ ဖိုးချစ်သဘင် closed group တို့မှာ အခမဲ့ တိုက်ရိုက်live ကြည့်ရှုနိုင်မှာဖြစ်ပြီး live ပြသနေစဉ်အချိန်အတွင်းမှာလည်း ချစ်ပရိတ်သတ်ကြီးအနေနဲ့ အနည်းအများ ပဓာနမထားဘဲ သဒ္ဓါတတ်အားနည်းများမဆိုထည့်ဝင်လှူဒါန်းနိုင်ကြောင်း ဖိုးချစ်က ရေးသားဖော်ပြခဲ့ပါတယ် ။

 

ဒီရန်ပုံငွေပွဲကြီးကရရှိလာတဲ့ အလှူငွေများအားလုံးနဲ့ sponsor များမှရရှိလာတဲ့ဝင်ငွေများအားလုံးကို Ayeyarwady Centre, CB Centre နဲ့အခြားသောကိုဗစ်အတွက်လိုအပ်နေတဲ့နေရာများမှာ လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။ အခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ကာလကြီးမှာ အပေးအကမ်းရက်ရောတဲ့ မြန်မာလူမျိုးတို့ရဲ့ နှလုံးသားလှစိတ်ထားလေးကို ဖိုးချစ်နဲ့အတူပြသလိုက်ကြရအောင် ပရိသတ်ကြီးရေ ..။

Source : Phoe Chit
Emily (Cele Gabar)