အိမ်မှာနေတဲ့ကာလကို မိသားစုအတွက် လက်စွမ်းပြချက်ပြုတ်ပေးရင်း ဖြတ်သန်းနေတဲ့ မေမီကိုကို

မေမီကိုကိုကတော့ MRTV-4 ရဲ့ပင်တိုင်စံမင်းသမီးချောတစ်ယောက်ဖြစ်သလို ဇာတ်လမ်းတွဲတွေအများကြီးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့သူပါ။ အားပေးနေတဲ့ပရိသတ်တွေကို အမြဲတမ်းအလေးထားသူတစ်ယောက်ဖြစ်သလို လတ်တလော Stay Home ကာလရိုက်ကူးရေးတွေရပ်နားထားချိန်မှာလည်း ချစ်ခင်ရတဲ့ပရိသတ်ကြီးနဲ့အဆက်သွယ်မပြတ်ရအောင် တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ Stay Home ကာလအတွင်း မိသားစုအတွက် လက်စွမ်းပြချက်ပြုတ်ထားသမျှ စားစရာလေးတွေကို မျှဝေလာပါတယ်။ ကြက်ဆီထမင်း၊ ဆီချက်ခေါက်ဆွဲ၊ ကြက်ပေါင်းခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲ၊ ကြေးအိုးဆီချက်၊ စတာတွေကို လက်စွမ်းပြထားတာဖြစ်ပြီး မြင်ရုံနဲ့ သွားရည်ကျချင်စရာကောင်းလောက်အောင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ မေမီကိုကိုရဲ့လက်ရာလေးတွေကို တွေ့ရမှာပါ ပရိသတ်ကြီးရေ.. အရသာကလည်း ကောင်းလွန်းလို့ ချက်စားတဲ့နေ့တိုင်း ပိုတဲ့နေ့ကိုမရှိပါဘူးတဲ့နော်။

အလုပ်များတဲ့မေမီတို့လို အနုပညာရှင်တွေကတော့ ဒီလိုအချိန်မျိုးမှာမှ မီးဖိုချောင်ထဲဝင်ပြီး မိသားစုအတွက် စိတ်ကြိုက်ချက်ပြုတ်ခွင့်ရသလို တစ်သောင်းတောင်မပြည့်တဲ့ဈေးနှုန်းနဲ့ မိသားစုအဝစားနိုင်တဲ့အစားအစာလေးတွေကို မေမီကိုကိုက ကိုယ်တိုင်ချက်ပြခဲ့တာပါ။ လုပ်စားရတာလည်း အရမ်းလွယ်တာမို့ ပရိသတ်ကြီးကိုလည်း ထမင်း၊ဟင်းအစား တစ်ခါတလေ ဒါမျိုးလေးတွေလုပ်စားကြည့်ဖို့ အကြံပေးခဲ့သလို ပရိသတ်ကြီးရော Stay Home ကာလမှာ ဘာတွေလုပ်စားဖြစ်သလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။


Source – May Mi KoKo
Rainbow- Cele Gabar