ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ အတူပါဝင်လာတော့မယ့် Yeo Jin Goo နဲ့ Moon Ga Young

ပရိသတ်အချစ်တော် Yeo Jin Goo နဲ့ Moon Ga Young တို့ကို အတူတွဲပြီးတော့ မြင်တွေ့ရတော့မှာပါ။ သူတို့နှစ်ဦးစလုံးဟာ Link : Eat and Love to Kill ဆိုတဲ့ ဒရမ်မာဇာတ်ကားမှာပါဝင်တော့မယ့်အကြောင်းကို ဒီဇင်ဘာ(၁၆)ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ လျှို့ဝှက်ဆန်းကြယ်စိတ်ကူးယဉ်အချစ်ဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ အမျိုးသားတစ်ဦးဟာ ရုတ်တရက်အမျိုးသမီးတစ်ဦးနဲ့ဆက်စပ်နေတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Yeo Jin Goo ဟာ အရည်အချင်းရှိပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့စားဖိုမှူးတစ်ယောက်အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။ သူဟာတစ်နေ့မှာတော့ ရုတ်တရုက်ဆိုသလို ရယ်မောခြင်း၊ ငိုကြွေးခြင်းတွေအလိုလိုဖြစ်လာတာကိုခံစားလိုက်ရပြီး ဒါဟာမိမိရဲ့ခံစားချက်တွေမဟုတ်ဘဲ တခြားသူတစ်ဦးရဲ့ခံစားချက်တွေဖြစ်နေတာ သိလိုက်ရပါတယ်။

Moon Ga Young ကတော့ ကံကောင်းမှုတွေပျောက်ကွယ်နေတဲ့ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်သွားမှာပါ။ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုနဲ့အတူ အမျိုးသားတစ်ဦးနဲ့ ဆုံစည်းမိပါတော့တယ်။ Yeo Jin Goo နဲ့ Moon Ga Young တု့ိနှစ်ဦးဟာ (၂၀၁၀) ခုနှစ်ကရိုက်ကူးခဲ့တဲ့ The Reputable Family ဆိုတဲ့ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ အခုတော့ ဒရမ်မာဇာတ်လမ်းတွဲအသစ်နဲ့အတူ သူတို့နှစ်ဦးကို ပြန်လည်မြင်တွေ့ခွင့်ရပါပြီ။

x
error: Content is protected !!